
|How to reduce rape cases (MM)
|မုဒိမ်းမှုတွေကို လျှော့ချဖို့ လုပ်ဆောင်ရမယ့် အချက်(၅)ချက်
(Unicode)
ဒီလိုအမှုတွေ ဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့ ပါ၀ါ မညီမျှမှုကြောင့် ဖြစ်တာပါ။
ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံအရ ယောကျာ်းက ခွန်အားပိုကြီးတယ်။ နောက်ပြီး ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်တွေအရ မိန်းကလေးဆိုတာ အားနွဲ့တယ်ဆိုတဲ့ အမြင်မျိုးက ရှိပြီးသား။ ဒီအခါ မိန်းကလေးတစ်ယောက်ကို တွေ့တိုင်း စိတ်ကောင်းရှိသူက ညှာတာစရာလို့ မြင်သလို၊ ယုတ်မာမယ့်လူအတွက်လည်း အနိုင်ကျင့်ချင်စရာ ဖြစ်နေတယ်။
ဒီအတွက် ဘာလုပ်လို့ရလဲ။
လုပ်ဆောင်ရန် (၁)
– မိန်းကလေးတွေအနေနဲ့ ယောကျာ်းတစ်ယောက်လို သန်မာလာဖို့တော့ ခက်ပေမယ့် ကိုယ်လုံပညာသော်လည်းကောင်း၊ ခုနောက်ပိုင်းမှာ ပေါ်နေတဲ့ ဆေးရည်ဗူးဖြစ်ဖြစ်၊ ကျင်စက်ဖြစ်ဖြစ် ဆောင်ထားတာမျိုးသော်လည်းကောင်း လုပ်နိုင်တယ်။ တခြားသော လတ်တလော ကာကွယ်နည်းတွေလည်း ရှိလိမ့်ဦးမယ် (ဥပမာ ခုပြောနေကြသလို တက္ကစီနံပါတ် မှတ်ထားတာ၊ တစ်ယောက်ယောက်ကို ဖုန်းဆက်အသိပေးထားတာ စသဖြင့်)။ ဒါဆိုရင် ခွန်အားအနေနဲ့ နည်းနေဦးတော့၊ အလွယ်တကူ အနိုင်ကျင့်လို့ မရတော့ဘူး။ ဒါက ရေတိုသဘောဆန်ပြီး ချက်ချင်းလုပ်လို့ရတဲ့ ကာကွယ်မှုမျိုး၊၊
ဟုတ်ပြီ။ ဒီလိုတွေဖြစ်တော့ နောက်ဆို တက္ကစီမစီးရတော့ဘူးလား၊ ဘယ်မှ မသွားရတော့ဘူးလား မေးစရာရှိလာမယ်၊၊ ဒီလိုတော့လည်း မဟုတ်သေးဘူး။ ညဘက်ငှားစီးပြီး တက္ကစီပေါ် တက်လာတဲ့ မိန်းကလေးတွေကို ကားသမားတိုင်းက မုဒိမ်းကျင့်နေကြတာ မဟုတ်ဘူး။ ကလေးတွေကို အဖေက ပြုကျင့်တာ၊ ဆရာက ပြုကျင့်တာ၊ အဘိုးက ပြုကျင့်တာတွေ ကြားနေရပေမယ့် ရှိရှိသမျှသော အဖေတွေ၊ ဆရာတွေ၊ အဘိုးတွေတိုင်းက ပြုကျင့်နေကြတာမျိုး မဟုတ်ဘူး။ စိတ်ဓါတ်အဆင့်အတန်း နိမ့်ကျတဲ့ လူတွေကသာ လုပ်နေတာဖြစ်တယ်။ အဲဒီလို မိန်းကလေးတွေ၊ ကလေးငယ်တွေကို ကြည့်လိုက်တော့လည်း လိင်စိတ်ကို နှိုးဆွပေးတဲ့ ၀တ်စားဆင်ယင်မှု၊ ပြုမူနေထိုင်မှု ဘာတစ်ခုမှ လုပ်ခဲ့ကြတာ မဟုတ်ဘူး။ ဒါကြောင့် မုဒိမ်းမှုတွေရဲ့ ပြဿနာက ပြုကျင့်ခံရသူဘက်မှာ ရှိနေတာမဟုတ်ဘဲ ပြုကျင့်သူရဲ့ လူမဆန်မှုသက်သက်သာ ဖြစ်တယ်။
ဒါကြောင့်မို့
လုပ်ဆောင်ရန် (၂)
– ရှိရှိသမျှသော သားယောကျာ်းလေးတွေတိုင်းကို သင်ထားပေးပါ၊ မိန်းကလေးဆိုတာ အနိုင်ကျင့်စရာ မဟုတ်သလို၊ အဲဒီလို အနိုင်ကျင့်ရတာဟာလည်း အင်မတန် ယုတ်ညံ့တဲ့လုပ်ရပ် ဖြစ်တယ် ဆိုတဲ့အကြောင်းပါ။ ကိုယ့်သားက ကောင်မလေးတစ်ယောက်ကို နှုတ်နဲ့ စော်ကားတာမျိုး လုပ်နေရင်လည်း ပြင်းပြင်းထန်ထန် တားဆီးပါ။ အဲဒါဟာ အကြမ်းဖက်မှုဖြစ်တယ်ဆိုတာကို သူသိနေပါစေ။ ယောကျာ်းလေးပဲ ဒီလောက်တော့ ရှိမှာပေါ့ ဆိုပြီး ရယ်ရယ်မောမောနဲ့ လွှတ်ပေးလိုက်တာက ကိုယ့်သားကို မုဒိမ်းကောင်တစ်ယောက် ဖြစ်သွားစေနိုင်တဲ့အထိ ပြဿနာပေးပါတယ်။
ဟုတ်ပြီ။ ဒီလိုတွေ သင်ပေးထားတိုင်းလည်း လူတိုင်းကတော့ စိတ်ဓါတ်တွေ မြင့်မြတ်ကုန်ကြမယ် သတ်မှတ်လို့မရဘူး။ ဒီအတွက် လုပ်ချင်ရင်တောင်မှ မလုပ်ရဲအောင် ခြိမ်းခြောက်ထားဖို့ လိုတယ်။
ဘာနဲ့ ခြိမ်းခြောက်မလဲ။ ငါ ဒီလိုများ လုပ်လိုက်မိရင် ဒုက္ခအကြီးအကျယ်ရောက်မှာ ဆိုတဲ့အတွေးမျိုး ၀င်နေအောင် ခြိမ်းခြောက်ထားရမယ်။
နံပါတ်တစ် လူထုက အပြစ်ပေးလို့ရတယ်။
လုပ်ဆောင်ရန် (၃)
– မုဒိမ်းမှုကျူးလွန်သူ၊ ကျူးလွန်ဖို့ကြိုးစားသူတိုင်းကို လုံးဝ သည်းမခံဘူးဆိုတဲ့ ပုံစံမျိုး လူထုမှာ ရှိရမယ်။ ဘာအကြောင်းကြောင့်နဲ့မှ ခွင့်လွှတ်ပေးလို့မရဘူး။ လျော်ကြေးပေးလိုက်ရင် ပြီးတာပဲ ဆိုတဲ့ပုံစံကို လုံးဝမရှိတော့အောင် လုပ်ရမယ်။ နောက်ပြီး တရားခံအဖြစ် မိသွားခဲ့ရင် ခုလူတွေ တောင်းဆိုနေကြသလို မျက်စိကို ဖုံးမထားသင့်ဘူး ဆိုတာမျိုးက တစ်ဦးတည်းအမြင်အရ ကျွန်တော်လည်း လက်ခံတယ်။ တစ်ခုုရှိတာက သူတို့မိသားစုတွေကိုတော့ ခွဲမြင်ပေးရမယ်။ မုဒိမ်းကောင်ရဲ့ အမေတို့၊ မုဒိမ်းကောင်ရဲ့ သားသမီးတွေလေတို့ အဲ့လိုရောထွေးပြီး ထိခိုက်တာမျိုးကတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်။
ဒါဖြင့် သူတို့ကို အမှားပြင်ခွင့် မပေးတော့ဘူးလား၊ လူ့အသိုင်းအဝို်င်းထဲ ပြန်ဝင်ခွင့်မပေးတော့ဘူးလား ဆိုရင် ကျွန်တော်တော့ မပေးချင်ပါဘူး။ မပေးချင်ရခြင်း အကြောင်းရင်းလည်း ရှိတယ်။ အိန္ဒိယမှာ လုပ်ထားတဲ့ စစ်တမ်းလေးတစ်ခုကို ဖတ်ရသတော့ ဘာတွေ့ရလဲဆိုရင် အဲဒီလို ကျူးလွန်ထားတဲ့ မုဒိမ်းကောင်တွေဟာ နောင်တရတာ အင်မတန်ရှားတယ် ဆိုတာပဲ။ တော်တော်လေး စိတ်ကောင်းရှိတယ် ပြောရမယ့်လူလောက်ကပဲ အပြင်ပြန်ရောက်ရင် သူပြုကျင့်ခဲ့တဲ့ ကောင်မလေးကို လက်ထပ်ပါမယ် ဆိုတာမျိုး ပြောတာ။ တချို့သော အမှားတွေက မရည်ရွယ်ဘဲ ဖြစ်သွားတာဆိုပေမယ့် ဒီအပြစ်မျိုးကတော့ အဲဒီလိုထဲ အကြုံးမဝင်ဘူးလို့ ယူဆပါတယ်။ (မြန်မာပြည်မှာလည်း အဲ့လိုသာ မေးမြန်းကြည့်မယ်ဆိုရင် ထူးမခြားနား ပုံစံမျိုးပဲ တွေ့ရမယ်ထင်ပါတယ်) ဒါကြောင့် ပြုကျင့်ခံရသူရဲ့ စိတ်ထဲမှာ စွန်းထင်သွားတဲ့ အမည်းစက်ကိုသာ ဖေးမကူညီခြင်းတွေနဲ့ ဖယ်ရှားပေးပါမယ်၊ ပြုကျင့်သူအတွက်တော့ ဒီလုပ်ရပ်ဟာ သူ့တစ်သက်လုံး သူနဲ့အတူ ကပ်ပါသွားတော့မယ့် အမည်းစက်တစ်စက် ဖြစ်နေသင့်ပါတယ်။
နောက်တစ်ခု၊ တရားဥပဒေကလည်း ထိရောက်တဲ့အပြစ်ဒဏ် ပေးရမယ်။
လုပ်ဆောင်ရန် (၄)
– သက်ငယ်မုဒိမ်းမှုတွေမှာတော့ လူထုရဲ့ တောင်းဆိုမှုတွေကြောင့် ထောင်ဒဏ် နှစ် ၂၀ ချရမယ် ဆိုတာမျိုး ဖြစ်လာခဲ့ပြီ။ တကယ်တော့ မုဒိမ်းမှုတိုင်းကို ကြီးလေးတဲ့အပြစ်ဒဏ် ပေးနိုင်ရင် ပိုကောင်းတယ်။ သေဒဏ်ပေးဖို့နဲ့ ပတ်သက်လို့တော့ အသေအချာ အကျိုးအပြစ် ချိန်ဆရမှာဖြစ်ပေမယ့် ကြီးလေးတဲ့ ထောင်ဒဏ်ကိုတော့ ပေးကိုပေးသင့်တယ်။ အနည်းဆုံးတော့ လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးတဲ့အခါ အဲဒီမုဒိမ်းမှုနဲ့ ကျထားသူတွေ လုံးဝအကြံုးမဝင်တာမျိုး လုပ်သင့်တယ်။ ဒါဆိုရင် ဒီလူတွေဟာ ကျူးလွန်တော့မယ်ဆိုတဲ့အခါတိုင်း နည်းနည်းလေးတော့ တွန့်ဆုတ်သွားမှာအမှန်ပဲ။
နောက်ဆုံးအနေနဲ့ လုပ်ဆောင်ရမှာကတော့ ဒီလိုမုဒိမ်းမှုတွေ ပိုပြီးတော့မှ ဖြစ်စေတဲ့ အခြေအနေမျိုးတွေကို ဖယ်ရှားပေးဖို့ ဖြစ်ပါတယ်။
ဥပမာ အဖိုးကြီးတစ်ယောက်က သူ့အိမ်မှာ လာကစားနေတဲ့ ကလေးမလေးကို ဘာလို့ မုဒိမ်းကျင့်သလဲ။ ၆ တန်းကျောင်းသားက ၅ နှစ်အရွယ် သူ့ညီမလေးကို ဘာလို့ ဒီလိုပြုလုပ်သလဲ။ ဒီနေရာမှာ လိင်မှုဆိုင်ရာ အသိပညာပေးဖို့ သိပ်အရေးကြီးလာသလို၊ လူတိုင်းမှာ ဒီလိုစိတ်ဆန္ဒတွေဟာ ရှိပါလားဆိုတာကို လက်ခံပေးဖို့ လိုပါတယ်။ မဟုတ်ရင် လူတွေဟာ အဲဒီလိုစိတ်တွေ ဖြစ်လာတယ်၊ ဘယ်လိုထိန်းချုပ်ရမှန်း မသိဘူး။ ဘယ်လိုထွက်ပေါက်ပေးရမှန်း မသိဘူး။ ဒီအခါ ခုလိုမုဒိမ်းမှုတွေ ဖြစ်လာတော့တယ်။ ပြည့်တန်ဆာဥပဒေ ပြဌာန်းဖို့ ပြောဆိုနေကြတဲ့ အကြောင်းရင်းထဲမှာလည်း ဒါက ပါတယ်။ ပြည့်တန််ဆာတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ကာကွယ်ဖို့လည်း ဖြစ်သလို၊ ရောဂါကူးသွားမလား စိတ်ပူနေစရာမလိုဘဲ လိင်စိတ်ဆန္ဒတွေကို ထွက်ပေါက်ပေးနိုင်သွားမှာလည်း ဖြစ်ပါတယ်။
နောက်ပြီး စစ်မက်ဖြစ်ပွားနေရင်၊ သဘာဝဘေးတစ်ခုခုကြောင့် အခြေအနေတွေ မတည်မငြိမ်ဖြစ်နေရင်၊ ဆင်းရဲမွဲတေရင်၊ ပညာမတတ်ရင်၊ လူနေမှုအဆင့်အတန်းတွေ နိမ့်ကျနေရင်၊ အရက်နဲ့ မူးယစ်ဆေးဝါးတွေ တအားပေါနေရင်လည်း ဒီလိုအမှုအခင်းတွေ ဖြစ်ဖို့တအားလွယ်ကူပါတယ်။
ဒါကြောင့် လုပ်ဆောင်ရန် (၅)
ကတော့ လိုအပ်တဲ့ ဥပဒေတွေ ပြဌာန်းဖို့၊ အရက်နဲ့ မူးယစ်ဆေးဝါးတွေကို ထိန်းချုပ်ဖို့နဲ့ တိုင်းပြည်ရဲ့စီးပွားရေးကို ဖွံဖြိုးတိုးတက်အောင် လုပ်ပေးဖို့ပါပဲ။
တကယ်တော့ မုဒိမ်းမှုတွေကို လုံးဝပပျောက်သွားအောင် လုပ်လို့မရနိုင်ပါဘူး။ ဒါပေမယ့်လည်း ချမ်းသာတဲ့နိုင်ငံမှာ သူခိုးခိုးခံရနိုင်ချေနဲ့ ဆင်းရဲတဲ့နိုင်ငံမှာ ခိုးခံရနိုင်ချေ မတူသလိုပါပဲ၊ ခုပြောခဲ့တာတွေကို လုပ်ထားနိုင်မယ်ဆိုရင် အထိုက်အလျောက်တော့ လျှော့ချနိုင်မှာပါ။ ဒီအတွက် ကိုယ့်တစ်ဦးချင်း လုပ်နိုင်တာတွေလည်း လုပ်ပေးပါ။ အစိုးရပိုင်းကို တွန်းအားပေးရမှာတွေလည်း အစိမ်းရယ် အနီရယ် ခွဲမနေဘဲ တက်ညီလက်ညီ တွန်းပေးပါ။ သက်ငယ်မုဒိမ်းမှုတွေကို နှစ် ၂၀ ထောင်ချတယ် ဆိုပြီး ပြောင်းလဲလာတာက တကယ်တော့ လူထုရဲ့ အားကြောင့်ပါ။ လူထုရဲ့ တောင်းဆိုမှုကြောင့်ပါ။ ဒါကြောင့် အစိုးရပိုင်းအနေနဲ့ ဒီလိုမုဒိမ်းမှုတွေနဲ့ ပတ်သက်ပြီး အာရုံပိုစိုက်လာအောင်၊ အကာအကွယ်တွေ ပိုလုပ်ပေးလာအောင် ကျွန်တော်တို့ ပြည်သူတွေက စုစုစည်းစည်းနဲ့ တောင်းဆိုရပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ
၂၆.၁.၂၀၁၈
(Zawgyi)
ဒီလိုအမႈေတြ ျဖစ္ရတဲ့ အဓိကအေၾကာင္းရင္းကေတာ့ ပါ၀ါ မညီမွ်မႈေၾကာင့္ ျဖစ္တာပါ။
ခႏၶာကုိယ္ဖြဲ႕စည္းတည္ေဆာက္ပံုအရ ေယာက်ာ္းက ခြန္အားပုိၾကီးတယ္။ ေနာက္ျပီး ပတ္၀န္းက်င္ရဲ႕ သတ္မွတ္ခ်က္ေတြအရ မိန္းကေလးဆုိတာ အားႏြဲ႕တယ္ဆုိတဲ့ အျမင္မ်ိဳးက ရွိျပီးသား။ ဒီအခါ မိန္းကေလးတစ္ေယာက္ကို ေတြ႕တုိင္း စိတ္ေကာင္းရွိသူက ညွာတာစရာလို႕ ျမင္သလို၊ ယုတ္မာမယ့္လူအတြက္လည္း အႏုိင္က်င့္ခ်င္စရာ ျဖစ္ေနတယ္။
ဒီအတြက္ ဘာလုပ္လုိ႕ရလဲ။
လုပ္ေဆာင္ရန္ (၁)
မိန္းကေလးေတြအေနနဲ႕ ေယာက်ာ္းတစ္ေယာက္လို သန္မာလာဖို႔ေတာ့ ခက္ေပမယ့္ ကုိယ္လံုပညာေသာ္လည္းေကာင္း၊ ခုေနာက္ပုိင္းမွာ ေပၚေနတဲ့ ေဆးရည္ဗူးျဖစ္ျဖစ္၊ က်င္စက္ျဖစ္ျဖစ္ ေဆာင္ထားတာမ်ိဳးေသာ္လည္းေကာင္း လုပ္ႏုိင္တယ္။ တျခားေသာ လတ္တေလာ ကာကြယ္နည္းေတြလည္း ရွိလိမ့္ဦးမယ္ (ဥပမာ ခုေျပာေနၾကသလုိ တကၠစီနံပါတ္ မွတ္ထားတာ၊ တစ္ေယာက္ေယာက္ကုိ ဖုန္းဆက္အသိေပးထားတာ စသျဖင့္)။ ဒါဆိုရင္ ခြန္အားအေနနဲ႕ နည္းေနဦးေတာ့၊ အလြယ္တကူ အႏုိင္က်င့္လို႕ မရေတာ့ဘူး။ ဒါက ေရတိုသေဘာဆန္ၿပီး ခ်က္ခ်င္းလုပ္လို႔ရတဲ့ ကာကြယ္မႈမ်ိဳး၊၊
ဟုတ္ျပီ။ ဒီလိုေတြျဖစ္ေတာ့ ေနာက္ဆုိ တကၠစီမစီးရေတာ့ဘူးလား၊ ဘယ္မွ မသြားရေတာ့ဘူးလား ေမးစရာရွိလာမယ္၊၊ ဒီလိုေတာ့လည္း မဟုတ္ေသးဘူး။ ညဘက္ငွားစီးျပီး တကၠစီေပၚ တက္လာတဲ့ မိန္းကေလးေတြကုိ ကားသမားတုိင္းက မုဒိမ္းက်င့္ေနၾကတာ မဟုတ္ဘူး။ ကေလးေတြကုိ အေဖက ျပဳက်င့္တာ၊ ဆရာက ျပဳက်င့္တာ၊ အဘုိးက ျပဳက်င့္တာေတြ ၾကားေနရေပမယ့္ ရွိရွိသမွ်ေသာ အေဖေတြ၊ ဆရာေတြ၊ အဘုိးေတြတုိင္းက ျပဳက်င့္ေနၾကတာမ်ိဳး မဟုတ္ဘူး။ စိတ္ဓါတ္အဆင့္အတန္း နိမ့္က်တ့ဲ လူေတြကသာ လုပ္ေနတာျဖစ္တယ္။ အဲဒီလို မိန္းကေလးေတြ၊ ကေလးငယ္ေတြကို ၾကည္႕လုိက္ေတာ့လည္း လိင္စိတ္ကို ႏိႈးဆြေပးတဲ့ ၀တ္စားဆင္ယင္မႈ၊ ျပဳမူေနထုိင္မႈ ဘာတစ္ခုမွ လုပ္ခဲ့ၾကတာ မဟုတ္ဘူး။ ဒါေၾကာင့္ မုဒိမ္းမႈေတြရဲ႕ ျပႆနာက ျပဳက်င့္ခံရသူဘက္မွာ ရွိေနတာမဟုတ္ဘဲ ျပဳက်င့္သူရဲ႕ လူမဆန္မႈသက္သက္သာ ျဖစ္တယ္။
ဒါေၾကာင့္မုိ႕
လုပ္ေဆာင္ရန္ (၂)
– ရွိရွိသမွ်ေသာ သားေယာက်ာ္းေလးေတြတုိင္းကုိ သင္ထားေပးပါ၊ မိန္းကေလးဆုိတာ အႏုိင္က်င့္စရာ မဟုတ္သလို၊ အဲဒီလို အႏုိင္က်င့္ရတာဟာလည္း အင္မတန္ ယုတ္ညံ႕တဲ့လုပ္ရပ္ ျဖစ္တယ္ ဆိုတဲ့အေၾကာင္းပါ။ ကုိယ့္သားက ေကာင္မေလးတစ္ေယာက္ကုိ ႏႈတ္နဲ႕ ေစာ္ကားတာမ်ိဳး လုပ္ေနရင္လည္း ျပင္းျပင္းထန္ထန္ တားဆီးပါ။ အဲဒါဟာ အၾကမ္းဖက္မႈျဖစ္တယ္ဆုိတာကို သူသိေနပါေစ။ ေယာက်ာ္းေလးပဲ ဒီေလာက္ေတာ့ ရွိမွာေပါ့ ဆိုျပီး ရယ္ရယ္ေမာေမာနဲ႕ လႊတ္ေပးလိုက္တာက ကုိယ့္သားကုိ မုဒိမ္းေကာင္တစ္ေယာက္ ျဖစ္သြားေစႏုိင္တဲ့အထိ ျပႆနာေပးပါတယ္။
ဟုတ္ျပီ။ ဒီလိုေတြ သင္ေပးထားတုိင္းလည္း လူတုိင္းကေတာ့ စိတ္ဓါတ္ေတြ ျမင့္ျမတ္ကုန္ၾကမယ္ သတ္မွတ္လို႕မရဘူး။ ဒီအတြက္ လုပ္ခ်င္ရင္ေတာင္မွ မလုပ္ရဲေအာင္ ျခိမ္းေျခာက္ထားဖုိ႕ လိုတယ္။
ဘာနဲ႕ ျခိမ္းေျခာက္မလဲ။ ငါ ဒီလိုမ်ား လုပ္လိုက္မိရင္ ဒုကၡအၾကီးအက်ယ္ေရာက္မွာ ဆုိတဲ့အေတြးမ်ိဳး ၀င္ေနေအာင္ ျခိမ္းေျခာက္ထားရမယ္။
နံပါတ္တစ္ လူထုက အျပစ္ေပးလို႕ရတယ္။
လုပ္ေဆာင္ရန္ (၃)
– မုဒိမ္းမႈက်ဴးလြန္သူ၊ က်ဴးလြန္ဖုိ႕ၾကိဳးစားသူတုိင္းကုိ လံုး၀ သည္းမခံဘူးဆိုတဲ့ ပံုစံမ်ိဳး လူထုမွာ ရွိရမယ္။ ဘာအေၾကာင္းေၾကာင့္နဲ႕မွ ခြင့္လႊတ္ေပးလို႕မရဘူး။ ေလ်ာ္ေၾကးေပးလိုက္ရင္ ျပီးတာပဲ ဆုိတဲ့ပံုစံကုိ လံုး၀မရွိေတာ့ေအာင္ လုပ္ရမယ္။ ေနာက္ျပီး တရားခံအျဖစ္ မိသြားခဲ့ရင္ ခုလူေတြ ေတာင္းဆုိေနၾကသလို မ်က္စိကို ဖံုးမထားသင့္ဘူး ဆုိတာမ်ိဳးက တစ္ဦးတည္းအျမင္အရ ကၽြန္ေတာ္လည္း လက္ခံတယ္။ တစ္ခုုရွိတာက သူတုိ႕မိသားစုေတြကိုေတာ့ ခြဲျမင္ေပးရမယ္။ မုဒိမ္းေကာင္ရဲ႕ အေမတုိ႕၊ မုဒိမ္းေကာင္ရဲ႕ သားသမီးေတြေလတုိ႕ အဲ့လိုေရာေထြးျပီး ထိခုိက္တာမ်ိဳးကေတာ့ မျဖစ္သင့္ဘူးလုိ႕ ထင္တယ္။
ဒါျဖင့္ သူတို႕ကို အမွားျပင္ခြင့္ မေပးေတာ့ဘူးလား၊ လူ႕အသုိင္းအ၀ုိ္င္းထဲ ျပန္၀င္ခြင့္မေပးေတာ့ဘူးလား ဆုိရင္ ကၽြန္ေတာ္ေတာ့ မေပးခ်င္ပါဘူး။ မေပးခ်င္ရျခင္း အေၾကာင္းရင္းလည္း ရွိတယ္။ အိႏိၵယမွာ လုပ္ထားတဲ့ စစ္တမ္းေလးတစ္ခုကို ဖတ္ရသေတာ့ ဘာေတြ႔ရလဲဆိုရင္ အဲဒီလို က်ဴးလြန္ထားတဲ့ မုဒိမ္းေကာင္ေတြဟာ ေနာင္တရတာ အင္မတန္ရွားတယ္ ဆုိတာပဲ။ ေတာ္ေတာ္ေလး စိတ္ေကာင္းရွိတယ္ ေျပာရမယ့္လူေလာက္ကပဲ အျပင္ျပန္ေရာက္ရင္ သူျပဳက်င့္ခဲ့တဲ့ ေကာင္မေလးကို လက္ထပ္ပါမယ္ ဆုိတာမ်ိဳး ေျပာတာ။ တခ်ိဳ႕ေသာ အမွားေတြက မရည္ရြယ္ဘဲ ျဖစ္သြားတာဆုိေပမယ့္ ဒီအျပစ္မ်ိဳးကေတာ့ အဲဒီလိုထဲ အၾကံဳးမ၀င္ဘူးလုိ႕ ယူဆပါတယ္။ (ျမန္မာျပည္မွာလည္း အဲ့လိုသာ ေမးျမန္းၾကည္႕မယ္ဆုိရင္ ထူးမျခားနား ပံုစံမ်ိဳးပဲ ေတြ႕ရမယ္ထင္ပါတယ္) ဒါေၾကာင့္ ျပဳက်င့္ခံရသူရဲ႕ စိတ္ထဲမွာ စြန္းထင္သြားတဲ့ အမည္းစက္ကုိသာ ေဖးမကူညီျခင္းေတြနဲ႕ ဖယ္ရွားေပးပါမယ္၊ ျပဳက်င့္သူအတြက္ေတာ့ ဒီလုပ္ရပ္ဟာ သူ႕တစ္သက္လံုး သူနဲ႕အတူ ကပ္ပါသြားေတာ့မယ့္ အမည္းစက္တစ္စက္ ျဖစ္ေနသင့္ပါတယ္။
ေနာက္တစ္ခု၊ တရားဥပေဒကလည္း ထိေရာက္တဲ့အျပစ္ဒဏ္ ေပးရမယ္။
လုပ္ေဆာင္ရန္ (၄)
– သက္ငယ္မုဒိမ္းမႈေတြမွာေတာ့ လူထုရဲ႕ ေတာင္းဆုိမႈေတြေၾကာင့္ ေထာင္ဒဏ္ ႏွစ္ ၂၀ ခ်ရမယ္ ဆုိတာမ်ိဳး ျဖစ္လာခဲ့ျပီ။ တကယ္ေတာ့ မုဒိမ္းမႈတုိင္းကုိ ၾကီးေလးတဲ့အျပစ္ဒဏ္ ေပးႏုိင္ရင္ ပုိေကာင္းတယ္။ ေသဒဏ္ေပးဖုိ႕နဲ႕ ပတ္သက္လို႕ေတာ့ အေသအခ်ာ အက်ိဳးအျပစ္ ခ်ိန္ဆရမွာျဖစ္ေပမယ့္ ၾကီးေလးတဲ့ ေထာင္ဒဏ္ကုိေတာ့ ေပးကုိေပးသင့္တယ္။ အနည္းဆံုးေတာ့ လြတ္ျငိမ္းခ်မ္းသာခြင့္ေတြ ေပးတဲ့အခါ အဲဒီမုဒိမ္းမႈနဲ႕ က်ထားသူေတြ လံုး၀အၾကံဳးမ၀င္တာမ်ိဳး လုပ္သင့္တယ္။ ဒါဆုိရင္ ဒီလူေတြဟာ က်ဴးလြန္ေတာ့မယ္ဆုိတဲ့အခါတုိင္း နည္းနည္းေလးေတာ့ တြန္႕ဆုတ္သြားမွာအမွန္ပဲ။
ေနာက္ဆံုးအေနနဲ႕ လုပ္ေဆာင္ရမွာကေတာ့ ဒီလိုမုဒိမ္းမႈေတြ ပိုျပီးေတာ့မွ ျဖစ္ေစတဲ့ အေျခအေနမ်ိဳးေတြကို ဖယ္ရွားေပးဖုိ႕ ျဖစ္ပါတယ္။
ဥပမာ အဖုိးၾကီးတစ္ေယာက္က သူ႕အိမ္မွာ လာကစားေနတဲ့ ကေလးမေလးကုိ ဘာလုိ႕ မုဒိမ္းက်င့္သလဲ။ ၆ တန္းေက်ာင္းသားက ၅ ႏွစ္အရြယ္ သူ႕ညီမေလးကုိ ဘာလုိ႕ ဒီလိုျပဳလုပ္သလဲ။ ဒီေနရာမွာ လိင္မႈဆုိင္ရာ အသိပညာေပးဖုိ႕ သိပ္အေရးၾကီးလာသလို၊ လူတုိင္းမွာ ဒီလိုစိတ္ဆႏၵေတြဟာ ရွိပါလားဆုိတာကို လက္ခံေပးဖုိ႕ လိုပါတယ္။ မဟုတ္ရင္ လူေတြဟာ အဲဒီလိုစိတ္ေတြ ျဖစ္လာတယ္၊ ဘယ္လုိထိန္းခ်ဳပ္ရမွန္း မသိဘူး။ ဘယ္လုိထြက္ေပါက္ေပးရမွန္း မသိဘူး။ ဒီအခါ ခုလိုမုဒိမ္းမႈေတြ ျဖစ္လာေတာ့တယ္။ ျပည္႕တန္ဆာဥပေဒ ျပဌာန္းဖုိ႕ ေျပာဆုိေနၾကတဲ့ အေၾကာင္းရင္းထဲမွာလည္း ဒါက ပါတယ္။ ျပည္႕တန္္ဆာေတြရဲ႕ အခြင့္အေရးခ်ိဳးေဖာက္ခံရမႈေတြကို ကာကြယ္ဖုိ႕လည္း ျဖစ္သလုိ၊ ေရာဂါကူးသြားမလား စိတ္ပူေနစရာမလုိဘဲ လိင္စိတ္ဆႏၵေတြကို ထြက္ေပါက္ေပးႏုိင္သြားမွာလည္း ျဖစ္ပါတယ္။
ေနာက္ျပီး စစ္မက္ျဖစ္ပြားေနရင္၊ သဘာ၀ေဘးတစ္ခုခုေၾကာင့္ အေျခအေနေတြ မတည္မျငိမ္ျဖစ္ေနရင္၊ ဆင္းရဲမြဲေတရင္၊ ပညာမတတ္ရင္၊ လူေနမႈအဆင့္အတန္းေတြ နိမ့္က်ေနရင္၊ အရက္နဲ႕ မူးယစ္ေဆး၀ါးေတြ တအားေပါေနရင္လည္း ဒီလိုအမႈအခင္းေတြ ျဖစ္ဖုိ႕တအားလြယ္ကူပါတယ္။
ဒါေၾကာင့္ လုပ္ေဆာင္ရန္ (၅)
ကေတာ့ လိုအပ္တဲ့ ဥပေဒေတြ ျပဌာန္းဖုိ႕၊ အရက္နဲ႕ မူးယစ္ေဆး၀ါးေတြကို ထိန္းခ်ဳပ္ဖို႕နဲ႕ တုိင္းျပည္ရဲ႕စီးပြားေရးကုိ ဖြံျဖိဳးတုိးတက္ေအာင္ လုပ္ေပးဖုိ႕ပါပဲ။
တကယ္ေတာ့ မုဒိမ္းမႈေတြကို လံုး၀ပေပ်ာက္သြားေအာင္ လုပ္လို႕မရႏုိင္ပါဘူး။ ဒါေပမယ့္လည္း ခ်မ္းသာတဲ့ႏုိင္ငံမွာ သူခုိးခိုးခံရႏုိင္ေခ်နဲ႕ ဆင္းရဲတဲ့ႏုိင္ငံမွာ ခုိးခံရႏုိင္ေခ် မတူသလိုပါပဲ၊ ခုေျပာခဲ့တာေတြကုိ လုပ္ထားႏုိင္မယ္ဆုိရင္ အထုိက္အေလ်ာက္ေတာ့ ေလွ်ာ့ခ်ႏုိင္မွာပါ။ ဒီအတြက္ ကုိယ့္တစ္ဦးခ်င္း လုပ္ႏုိင္တာေတြလည္း လုပ္ေပးပါ။ အစိုးရပုိင္းကို တြန္းအားေပးရမွာေတြလည္း အစိမ္းရယ္ အနီရယ္ ခြဲမေနဘဲ တက္ညီလက္ညီ တြန္းေပးပါ။ သက္ငယ္မုဒိမ္းမႈေတြကုိ ႏွစ္ ၂၀ ေထာင္ခ်တယ္ ဆိုျပီး ေျပာင္းလဲလာတာက တကယ္ေတာ့ လူထုရဲ႕ အားေၾကာင့္ပါ။ လူထုရဲ႕ ေတာင္းဆုိမႈေၾကာင့္ပါ။ ဒါေၾကာင့္ အစိုးရပုိင္းအေနနဲ႕ ဒီလိုမုဒိမ္းမႈေတြနဲ႕ ပတ္သက္ျပီး အာရံုပိုစုိက္လာေအာင္၊ အကာအကြယ္ေတြ ပုိလုပ္ေပးလာေအာင္ ကၽြန္ေတာ္တုိ႕ ျပည္သူေတြက စုစုစည္းစည္းနဲ႕ ေတာင္းဆုိရပါလိမ့္မယ္။
ေဒါက္တာ ျဖိဳးသီဟ
၂၆.၁.၂၀၁၈
