မောင်လေးညီမလေးတို့တက္ကသိုလ်မေဂျာကိုဘယ်လိုရွေးမလဲ။
အထက်တန်းကျောင်းပြီးတဲ့အခါ တက္ကသိုလ်မှာဘယ်မေဂျာကိုရွေးရမလည်းဆိုတာတကယ့်ကိုခေါင်းခြောက်ရတဲ့အရာကြီးတစ်ခုပါပဲ။ ကျောင်းသားကျောင်းသူတွေကိုယ်တိုင်တင်မက မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ ဆရာတွေပါကူညီအတူတူခေါင်းစားပေးရတာမို့ မေဂျာတွေကိုရွေးချယ်ရာမှာထည့်သွင်းစဉ်းစားရမယ့်အချက်တွေကိုဒီပို့စ်လေးမှာဝေမျှပေးလိုက်ရပါတယ်။
၁) မေဂျာမှန်ကန်စွာရွေးချယ်နိုင်မှုကဘယ်လောက်အရေးပါပါသလဲ။
မေဂျာမှန်ကန်စွာရွေးချယ်နိုင်တာအရေးကြီးသည်ဆိုသော်ငြားလည်း မေဂျာတစ်ခုထဲကပဲဘဝရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးမှာမဟုတ်ပါဘူး။ အတော်များများသောဘွဲ့ ရပညာတတ်များဆိုလည်းသူတို့ယူထားသောဘွဲ့ နှင့်မပတ်သက်တဲ့ အလုပ်အကိုင်တွေကိုလုပ်နေတယ်ဆိုတာတွေ့ ရမှာပဲဖြစ်ပါတယ်။
ထိုအတွက်ကြောင့်မို့အရမ်းဖိအားတွေမများဘဲ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုကို အေးအေးဆေးဆေးချဖို့တိုက်တွန်းချင်ပါတယ်။
၂) မေဂျာရွေးချယ်ရာတွင်မဖြစ်မနေထည့်သွင်းစဉ်းစားရမှာကတော့
က) ဘွဲ့ရပြီးတဲ့အခါဘယ်လိုအလုပ်အကိုင်မျိုးလုပ်ချင်လည်းဆိုတာတော့အနည်းနဲ့အများစဉ်းစားမိမှာပါ။ အဲ့ဒီအလုပ်အကိုင်အတွက်အထောက်အကူဖြစ်စေမယ့် မေဂျာမျိုးကိုရွေးချယ်သင့်ပါတယ်။ မရွေးချယ်ခင်မှာတော့ အဲ့ဒီမေဂျာနဲ့ပတ်သက်တဲ့သင်တန်းများဖြစ်ဖြစ်၊ စာအုပ်များဖြစ်ဖြစ်ကြိုတင်လေ့လာသင့်ပါတယ်။ အဲ့ဒါမှပဲ ကိုယ်တကယ်သင်တဲ့အခါဘာတွေသင်ရမလဲဆိုတာကြိုတင်ခန့်မှန်းမိမှာဖြစ်ပြီး အစမ်းလေ့လာနေချိန်မှာကိုယ်ထင်ထားသလိုမဟုတ်ဘူး၊ စိတ်မဝင်စားဘူးဆိုရင်လည်း ပြင်ဆင်ရွေးချယ်ဖို့အချိန်ရအုန်းမှာပဲဖြစ်ပါတယ်။

ခ) ဘွဲ့ရပြီးတဲ့အခါဈေးကွက်ထဲမှာဘယ်လိုလစာတွေရနေလည်းဆိုတာကိုလည်းလေ့လာရမှာပဲဖြစ်ပါတယ်။ ကျောင်းစရိတ်တွေကကြီးတဲ့အတွက် အဲ့ဒီကျောင်းစရိတ်တွေပြန်ကာမိအောင် ဘဝရဲ့ ရှေ့ရေးဖူလုံစိတ်ချရအောင် အလုပ်ခွင်မှာအသုံးဝင်မယ့်၊ အလုပ်ရှာကူရလွယ်မယ့်၊ လစာရလည်းကောင်းမယ့် ဒါမှမဟုတ် ကိုယ့်ရည်မှန်းချက်အာင်မြင်အောင်အထောက်အကူဖြစ်စေမယ့် မေဂျာမျိုးကိုထည့်သွင်းစဉ်းစားသင့်ပါတယ်
ဂ) အချို့ကတော့ကျန်တာဟာတွေမစဉ်းစားဘဲကိုယ်ကြိုက်နှစ်သက်တဲ့မေဂျာကိုသာရွေးချယ်တတ်ကြပါတယ်။ အဲ့ဒီလိုကိုယ်ဝါသနာပါတဲ့ဘာသာရပ်ကိုရွေးချယ်ခြင်းအားဖြင့် စာကိုစိတ်ပါဝင်စားစွာလေ့လာမှာဖြစ်ပြီး တကယ့်ထူးချွန်စွာအောင်မြင်ပြီးစီးခဲ့တဲ့သာဓကများစွာလည်းရှိပါတယ်။ အဲ့ဒီအတွက် ကိုယ်ဘာကိုတကယ်စိတ်ဝင်စားလဲဆိုတာသိရှိနားလည်ဖို့လိုမှာပဲဖြစ်ပါတယ်။
ဃ) ဘာရွေးရမှန်းကိုမသိဘူးဖြစ်နေလား။ ဘာမှစိတ်မညစ်ပါနဲ့ ။ သင်တန်းတွေတက်ပါ။ စာတွေဖတ်ပါ။ အသိမိတ်ဆွေတွေကိုလိုက်မေးမြန်းပါ။ ကိုယ်တကယ်ကြိုက်နှစ်သက်တဲ့မေဂျာသို့မဟုတ် ကိုယ့်ဘဝအတွက်သင့်တော်မယ့် မေဂျာကိုမကြာခင်သိရှိလာမှာပဲဖြစ်ပါတယ်။
၃) ရွေးချယ်ပြီးမှမှားသွားခဲ့ရင်လည်းအရမ်းကြီးတော့စိုးရိမ်စရာမရှိပါဘူး၊ အချိန်မလင့်သေးခင်အလုပ်ရှုပ်တယ်၊ အချိန်ပိုကြာသွားတယ်ဆိုပေမယ့်လည်း ကိုယ်နှစ်သက်တဲ့်မေဂျာကိုပြန်လည်ရွေးချယ်နိုင်တဲ့အခွင့်အရေးမျိုးတွေလည်းရှိမှာပါ။ တကယ်လို့ ဘွဲ့ ရခါနီးလောက်မှရွေးချယ်မှုမှားသွားပြီဆိုရင်လည်း ဘွဲ့လွန်သင်တန်းများကိုမိမိကြိုက်နှစ်သက်တဲ့မေဂျာရပ်များယူလို့ရအုန်းမှာဖြစ်ပါတယ်။ တကယ်ကိုယ်ကြိုးစားဖို့သာအရေးကြီးဆုံးပါ။
အပေါ်မှာဖော်ပြထားခဲ့တဲ့အချက်အလက်တွေကိုဖတ်ပြီး တက္ကသိုလ် မေဂျာရွေးချယ်ရာမှာ အထောက်အကူဖြစ်စေဖို့မျှောလင့်ပါတယ်။
