Android device နှင့် TV ချိတ်ဆက်နည်း
သင့်ရဲ့ Android Device မှ ဓါတ်ပုံ၊ ဗီဒီယိုများကို တီဗီမှာ ကြည့်ချင်ရင် ချိတ်ဆက်နည်းများစွာ ရှိပါတယ်။ သင့်ရဲ့ဖုန်းကို စမတ်တီဗီများနဲ့သာ ဝိုင်ဖိုင်ဆက်သွယ်မှုကနေ ကြိုးမဲ့ ချိတ်ဆက်နိုင်တာ မဟုတ်ဘဲ သာမာန်တီဗီများနဲ့လည်း ကြိုးမဲ့ သို့မဟုတ် ကြိုးဖြင့် ချိတ်ဆက်နည်းများ ရှိပါတယ်။
WiFi

သင့် တီဗီဟာ စမတ်တီဗီဆိုရင် ဖုန်းနဲ့ တီဗီကို ချိတ်ဆက်ရတာ လွယ်ကူပါတယ်။ ဖုန်းနဲ့ တီဗီကို တူညီတဲ့ ဝိုင်ဖိုင်ကွန်ရက်နဲ့ ချိတ်ဆက်လိုက်တာနဲ့ သင့်ဖုန်းမှ ဓါတ်ပုံ၊ ဗီဒီယိုများကို တီဗီမှာ ကြည့်နိုင်ပါပြီ။ အချို့ တီဗီထုတ်လုပ်သူများက သူတို့ရဲ့ တီဗီများမှာ Screen Mirroring ဆိုတဲ့ စွမ်းဆောင်ချက်ကိုထည့်ပေးထားပါတယ်။ ဒီစွမ်းဆောင်ချက်ကို သုံးရင် သင့်ဖုန်း စကရင်မှာ ပေါ်နေတာအားလုံးကို တီဗီမှာ မြင်ရမှာပါ။
ချိတ်ဆက်ပြီးရင်တော့ Android Device များမှ မီဒီယာများကို စမတ်တီဗီမှာ ကြည့်ရတာ လွယ်ကူရိုးရှင်းပါတယ်။ သင့်ဖုန်းမှ Youtube App မှာ ဗီဒီယို တစ်ခုဖွင့်ပြီး Streaming Icon ကို နှိပ်လိုက်တာနဲ့ တီဗီမှာ မြင်ရမှာပါ။ Gallery App ကနေ TV Share Button ကို နှိပ်ရင် တီဗီမှာ ဓါတ်ပုံများ ပြသမှာပါ။
Streaming Apps

iMediaShare – Photos & Music တို့လို Streaming Apps များကလည်း အသုံးဝင်ပါတယ်။ သူက စပီကာ၊ Set-Top Box များလို DLNA-Enabled Device များ၊ စမတ်တီဗီများထံသို့ ဖုန်းမှ ဓါတ်ပုံ၊ ဗီဒီယိုနဲ့ ရုပ်ရှင်များကို ထုတ်လွှင့်ပေးပါတယ်။
MHL
သင့်ရဲ့ တီဗီဟာ စမတ်တီဗီ မဟုတ်ရင်လည်း Android Device နဲ့ တီဗီကို ကြိုးဖြင့် ချိတ်ဆက်နိုင်ပါတယ်။ သင့်ဖုန်းဟာ Mobile High-Definition Link (MHL) ကို ထောက်ပံ့ဖို့ လိုပါတယ်။ သင့်ဖုန်းဟာ MHL ကို ထောက်ပံ့သလားဆိုတာ Google မှာ ရှာဖွေပါ။ ထောက်ပံ့တယ်ဆိုရင် MHL ကြိုးဝယ်ပြီး တီဗီနဲ့ ချိတ်ဆက်နိုင်ပါတယ်။
SlimPort

ဖုန်းထုတ်လုပ်သူ အချို့က MHL ကို မထောက်ပံ့ဘဲ SlimPort ကို ထောက်ပံ့ပါတယ်။ သင့်ဖုန်းဟာ SlimPort ကို ထောက်ပံ့ရင် သူ့ရဲ့ Adapter Cable ဖြင့် ဖုန်းနဲ့ တီဗီကို ချိတ်ဆက်နိုင်ပါတယ်။
Google Chromecast

သင့်တီဗီဟာ သာမာန်တီဗီဆိုရင်လည်း ဖုန်းနဲ့ တီဗီကို ဝိုင်ဖိုင်ကနေ ချိတ်ဆက်နိုင်ပါတယ်။ ဒီလိုလုပ်ဖို့ တီဗီရဲ့ HDMI Port မှာ Google Chromecast ကို တပ်ဆင်ရမှာ ဖြစ်ပါတယ်။ ဒုတိယမျိုးဆက် Chromecast ဟာ ၃၉ ဒေါ်လာလောက်သာ ရှိပါတယ်။ Chromecast အပြင် Roku, Amazon Fire Stick တို့လို Streaming Stick များကိုလည်း သုံးနိုင်ပါတယ်။ တစ်နည်းအားဖြင့် အဲဒီ ကိရိယာများဟာ ဈေးနှုန်း သက်သာစွာဖြင့် သင့်ရဲ့ သာမာန်တီဗီကို စမတ်တီဗီအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။
