7 Tips for your next presentation

Presentation လုပ်ရတော့မယ်ဆို ကျားမြီးသာ ပြေးဆွဲလိုက်ချင်တယ်လို့ ကြောက်ကြတဲ့ မောင်လေး ညီမလေးတွေ ရှိပါသလား။ အခုခေတ်ကြီးမှာ ကျောင်းမှာ project လုပ်ရတာပဲ ဖြစ်ဖြစ်၊ အလုပ်ခွင်မှာ ကိုယ့် idea တွေ သူဌေးကို ရှင်းပြရတာပဲ ဖြစ်ဖြစ် presentation ကတော့ မဖြစ်မနေ လုပ်ရ မှာပါပဲ။ ကိုယ့် presentation skills က ကောင်းနေရင် ကျောင်းမှာဆိုလည်း အမှတ်ကောင်းကောင်းရ မှာဖြစ်သလို၊ အလုပ်ခွင်မှာဆိုလည်း ကိုယ့်အတွက် အခွင့်အလမ်းတွေ အများကြီး ပွင့်လာမှာပါ။ ဒါပေမယ့် ငယ်ငယ်ထဲက အလေ့အကျင့်မရှိလို့ presentation လုပ်တဲ့အခါ စာဖတ်သလိုမျိုးကြီး ဖြစ်နေတာ၊ presentation လုပ်နေရင်း ပရိတ်သတ်ထဲက တီးတိုးတီးတိုး စကားပြောသံတွေ ထွက်လာတာ၊ Presentation လုပ်နေတုန်း စိတ်လှုပ်ရှားပြီး ပြောရမှာတွေ မေ့ပြီး ထစ်သွားတာ တွေဟာ လူတိုင်း ကြုံတွေ့ဖူးပါတယ်။ ဒါကြောင့် ဒီအပတ်မှာ မောင်လေး၊ ညီမလေးတို့ ဘ၀ တစ်လျှောက်လုံး presentation လုပ်တိုင်း အချိန်မရွေး၊ နေရာမရွေး အသုံးချနိုင်မယ့် နည်းလမ်းလေးတွေကို မျှေ၀ ပေးလိုက်ပါတယ်။ အလုပ်ဖြစ်လား၊ မဖြစ်လား အသုံးချပြီး ပြန်ပြောပြပေးဦးနော်။
Presentation တစ်ခု လုပ်တော့မယ်ဆိုရင် အရေးအကြီးဆုံး က ကိုယ့် ပရိတ်သတ်က အသက်အရွယ်၊ ရာထူးအလုပ်အကိုင်၊ ပညာအရည်အချင်း ဘယ်လောက် ရှိလည်း ဆိုတာ ကို သိဖို့ ပဲ ဖြစ်ပါတယ်။ ဒါမှသာ ပြောမယ့် အကြောင်းအရာ ရဲ့ အတိမ်အနက်၊ စကားလုံးအသုံးအနှုန်းတွေ ကို မှန်းဆပြင်ဆင် လို့ရမှာပါ။ ဥပမာ – မူလတန်းကျောင်းသားတွေကို ရှုပ်ထွေးတဲ့ ကိန်းဂဏန်း၊ ဖော်မြူလာ တွေ သွားပြရင် သူတို့ ပျင်းသွားမှာ ဖြစ်သလို တက္ကသိုလ် ပါမောက္ခတွေ၊ ပညာရှင်တွေကို ကာတွန်းပုံလေး နဲ့ စာတစ်ကြောင်း နှစ်ကြောင်းထည့် ပြီး သွား present လို့ မသင့်တော်ပါဘူး။ ပရိတ်သတ်ကို နားလည်ခြင်းဖြင့် presentation ထဲမှာ သူတို့အတွက် အသုံးဝင်မယ့် သတင်းအချက်အလက်တွေ၊ နားလည်ပြီး ဆက်စပ်လို့ရမယ့် အကြောင်းအရာတွေကို ထိထိရောက်ရောက် ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

Present လုပ်တဲ့ အခါမှာ နည်းအမျိုးမျိုးရှိပါတယ်။ အလွတ်ကျက်ပြီး ပြောတဲ့နည်း၊ လက်ဖဝါး အရွယ် စာရွက်ပိုင်းလေး အပေါ်မှာ အချက်တွေ ရေးပြီး ပြောနည်း၊ slides ပေါ်ကနေ (သို့) စာရွက်ထဲမှာ ပြောမယ့် စကားအကုန် ရေးပြီး ပြောနည်း ဆိုပြီး အမျိုးမျိုး ရှိပါတယ်။
အလွတ်ကျက်ပြီး ပြောတာကတော့ နားထောင်တဲ့ ပရိတ်သတ်နဲ့ ထိတွေမှု ပိုရရှိနိုင်ပေမယ့် တစ်ခါတစ်ရံမှာ ပြောစရာ အချက်အလက် တစ်ခုခု ကျန်ခဲ့တာ မျိုးဖြစ်နိုင်ပါတယ်။
စာရွက်ပိုင်းလေး ကို လက်ထဲထည့်ပြီး ပြောတာကတော့ ပြောစရာတွေ အကုန်လုံး ပါအောင် ပြောနိုင်မှာဖြစ်ပေမယ့် ပရိတ်သတ်ရဲ့ စိတ်ဝင်စားမှု ကို ဖမ်းစားဖို့ တော့ အနည်းငယ် ခက်ခဲပါလိမ့်မယ်။
နောက်ဆုံး နည်းကိုတော့ အားမပေးချင်ပါဘူး။ ပြောစရာအကုန်လုံးကို slides ပေါ် (သို့) စာရွက်ပေါ် မှာ ကြည့်ပြီး ပြောတာဟာ impression (ကိုယ့်အပေါ်သူများအမြင်) မကောင်းပါဘူး။ Eye-contact (မျက်စိဆုံခြင်း) လည်းရှိမှာ မဟုတ်တော့ ဘဲ ဘယ်သူမှ ကိုယ့်ပြောတာကို နားထောင်ချင်မှာ မဟုတ်တော့ပါဘူး။ သို့သော် ဥပဒေ ပိုင်းဆိုင်ရာ စာပိုဒ်တွေ၊ ၏သည် မရွေး ပြောရမယ့် အကိုးအကားတွေကို တော့ တိုက်ရိုက် slides ပေါ်က (သို့) စာရွက်မှ တစ်ဆင့် ဖတ်နိုင်ပါတယ်။
သုံးမယ့် နည်းတစ်ခုကို ဆုံးဖြတ်ပြီး presentation မတိုင်ခင် လေ့ကျင့်ပါ။
အစကောင်းမှ အနှောင်းသေချာ ဆိုသလို ပဲ presentation အစပိုင်းဟာ အရေးအကြီးဆုံးပါ။ အစ ပိုင်း ၁ မိနစ် ၂ မိနစ်ဟာ နောက်ပိုင်း presentation ကို ပရိတ်သတ်တွေ နားထောင်မလား၊ နားမထောင်ဘူးလား ဆိုတာ ကို အဆုံးအဖြတ်ပေးမှာပါ။
အကြံပေးချင်တာကတော့ စပြီး present တာနဲ့ တက်တက်ကြွကြွ၊ အသံနေအသံထား မြင့်မြင့်နဲ့ စပြောပါ။ လူတွေ မင်သက်သွားမယ့် သတင်းအချက်အလက် တစ်ခုနဲ့ပဲဖြစ်ဖြစ်၊ ဟာသလေးပဲဖြစ်ဖြစ်၊ ပုံပြင်လေးနဲ့ပဲဖြစ်ဖြစ် စနိုင်ပါတယ်။
ထိုင်နေတဲ့ ပရိတ်သတ် အားလုံး နဲ့ eye contact (မျက်စိဆုံခြင်း) ရှိပါ။
Eye-contact ရှိခြင်းဖြင့်
၁) စိတ်လှုပ်ရှားမှုကို နည်းစေပါတယ်။ ဘာလို့လဲဆိုတော့ အများကြီး ကို စကားပြောနေတာ မဟုတ်တော့ဘဲ ကြည့်နေတဲ့ တစ်ယောက်တည်း ကို သာ စကားပြောနေသလို စိတ်က ခံစားမိတာကြောင့်ပါ။
၂) ပရိတ်သတ်အားလုံးနဲ့ တစ်ယောက်ချင်းစီ ဘယ်ညာ၊ အထက်အောက် eye-contact ရှိခြင်းကြောင့် ပရိတ်သတ်အားလုံးဟာ အလေးထားခံရတယ်လို့ ခံစားရတဲ့ အတွက် presentation အပေါ်ကို စိတ်ဝင်စားလာ မှာပါ။
အသံကို အကျယ်ကြီးပြောရမှာလား? ဒါမှမဟုတ် တောက်လျှောက် တစ်သံ တည်းနဲ့ သွားမှာလား?
ဖြည်းဖြည်းလေးလား မြန်မြန်လေးလား? ဘယ်နည်းသုံးရမှာလဲ?
တစ်နည်းတည်းနဲ့ အဆင်ပြေတယ်ဆိုတာ မရှိပါဘူး။ အကုန်လုံး ကို သင့်လျော်သလို သုံးသွားရမှာပါ။ ဒါမှလည်း ပရိတ်သတ်က မပျင်းတော့ဘဲ presentation ရဲ့ အတက်အကျ၊ အရှိန် နဲ့ အတူ လိုက်လာမှာပါ။
သိပ်လည်း အရေးမကြီး ဘူး၊ ဒါပေမယ့် သိထားဖို့လိုတယ်၊ ပြောရမှာလည်း နည်းနည်း များတယ် ဆိုရင်တော့ ခပ်သွက်သွက်လေး ပြောပြီး အရေးလည်းကြီးတယ်၊ စိတ်ဝင်စားဖို့လည်း ကောင်းတယ် ဆိုရင်တော့ အရှိန်ကို လျှော့ချပြီး အသံကို မြှင့်သင့်မြှင့်၊နှိမ့်သင့် နှိမ့်ပြီး ပြောရပါမယ်။
နောက်တစ်ချက်က ကိုယ်အမူအယာ ပဲ ဖြစ်ပါတယ်။ ကိုယ်အမူအယာက ဘာလို့ အရေးကြီးသလဲ ဆိုတော့ နားထောင်သူ ပရိတ်သတ်တွေ ရဲ့ အာရုံဟာ presentation တစ်ခုလုံးရဲ့ ၂၅ ရာခိုင်နှုန်းလောက်သာ ပြောသွားတဲ့ စကားပေါ်မှာ ရှိပြီး ကျန် ၇၅ ရာခိုင်နှုန်းဟာ Present လုပ်သူရဲ့ ကိုယ်အမူအယာ အပေါ်မှာ ရှိ တာကြောင့်ပါ။ ဒါကြောင့် သင့်တော်တဲ့ ကိုယ်အမူအယာ ကို ရွေးချယ်ပြီး အသံနေအသံထား နဲ့လိုက်အောင် ပြောပါ။
တစ်ခါတစ်လေမှာ ပရိတ်သတ်တွေနဲ့ စိမ်းနေတာပဲ ဖြစ်ဖြစ်၊ ပြောစရာတွေ အရမ်းများလို့ပဲဖြစ်ဖြစ် ထစ်သွားတာတွေ၊ စကားလုံး ရှာမရတာမျိုး တွေ ဖြစ်တတ်ပါတယ်။ ဒါတွေ ဖြစ်လာပြီဆိုရင် စိတ် တည်ငြိမ်ဖို့ က အဓိကပါ။ တဒင်္ဂ အတွင်း မှာ စိတ်ငြိမ်သွားအောင် မိမိ ဝင်လေ၊ထွက်လေ အပေါ်မှာ အာရုံထားလိုက်ပါ။ ဒါဆိုရင် စိတ်ဖိစီးတာတွေ၊ စိတ်လှုပ်ရှားတာတွေ အားလုံး ကင်းရှင်းပြီး ဆက်လက် present လုပ်ဖို့ လွယ်သွားမှာပါ။
Presentation တစ်ခုရဲ့ အဆုံးသတ်မှာ ရှေ့က ပြောသွားတဲ့ အကြောင်းအရာအားလုံး ကို ပြန်လည်း အကျဉ်းချုပ်ပြီး နားထောင်နေတဲ့ ပရိသတ်တွေ ခေါင်းထဲ စွဲကျန်ရစ်စေမယ့် message ကို အဓိကထား ပြောရမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ အကုန်လုံး ကို ပြန်ပြီး အသေးစိတ်ပြောတာတွေ၊ အခြားအကြောင်းအရာတွေကို ဖော်ထုတ်တာမျိုးတွေ လုံးဝမလုပ်ရပါဘူး။ Short to the point (တိုတိုတုတ်တုတ်) နဲ့ ထိရောက်တဲ့ စကားလုံးတွေe သုံးပြီး နိဂုံးချုပ်ရမှာပါ။
Source : Myanlearn
