Google Search ရဲ့ Trick လေးတွေအကြောင်း

Google ဆိုတာ ကျောင်းသားတွေ အလုပ်လုပ်နေသူတွေရဲ့ မိတ်ဆွေကြီးဆို မမှားပါဘူး။ ကျောင်းမှာ Assignment လုပ်ခိုင်းရင်ဖြစ်ဖြစ် အလုပ်မှာတစ်ခုခုနဲ့ပတ်သက်ပြီးရှာချင်ရင် သူ့ကိုပဲ အားထားကြရတာပါ။ တစ်ခါတလေ ကိုယ်ရှာတာတွေနဲ့ Google result ကပြတာတွေက သိပ်မဆိုင်ဘူးလို့ ထင်ရလား။ဒါဆိုရင်တော့ လူတိုင်းသိထားသင့်တဲ့ Google Search ရဲ့ Trick လေးတွေအကြောင်း အမက မျှဝေပေးချင်ပါတယ်။ သူငယ်ချင်းတွေကြားမှာဖြစ်ဖြစ်၊ကိုယ်ကြွေနေတဲ့ Crush လေးတွေရှေ့မှာဖြစ်ဖြစ် Google ဆရာကြီးလို အထင်ကြီးခံချင်ရင်တော့ ဒီ Post လေးကို သေချာဖတ်ကြည့်ထားနော်။

၁။ Quotation marks (မျက်တောင်အဖွင့်အပိတ်)သုံးပြီးရှာခြင်း

တစ်ခါတလေ google မှာကိုယ်သိချင်တဲ့မေးခွန်းရှာပေမယ့်လည်း အချက်တွေအများကြီးသာ ကျလာတယ် ကိုယ့်အတွက် အသုံးမဝင်ဘူး ဖြစ်နေပါသလား။ ဒီလိုအချိန်မျိုးမှာ လွယ်ကူစေဖို့ ကိုယ်သိချင်တဲ့ အရာကို quotation mark(မျက်တောင် အဖွင့်အပိတ်) ထည့်ပြီး ရှာကြည့်ပါ။ ပိုပြီးတိကျတဲ့ အဖြေတွေတွေ့ရမှာပါ။ ဥပမာ – online learning လို့ရှာချင်ရင် online ပါပြီး learning မပါတဲ့ result တွေလည်းမြင်ရမှာပါ။ “online learning” ဆိုပြီး မျက်တောင်အဖွင့်အပိတ် ထည့်လိုက်ရင်တော့ online learning ဆိုပြီး တဆက်တည်းပါတဲ့ result တွေပဲတွေ့ရမှာပါ။

၂။ Minus sign သုံးပြီးရှာခြင်း

Minus sign သုံးပြီးရှာတာကလည်း ကိုယ်ရှာနေတဲ့ result နဲ့နာမည်ဆင်တူတွေကိုဖြုတ်ပြီး ကိုယ်ရှာနေတဲ့ result ကို များများစားစားပြပေးပါတယ်။ ဥပမာ- apple –fruit လို့ရှာလိုက်ရင် သစ်သီး အဓိပ္ပါယ်မပါတဲ့ result တွေကို ဦးစားပေးပြပေးသွားမှာပါ။

၃။ ကြယ်မှတ် အသုံးပြုပြီးရှာခြင်း( *asterisk)

ဒီသင်္ကေတလေးကို အသုံးပြုပြီး တော့ ကိုယ်သိချင်တဲ့ ဘယ်အရာမဆို ရှာလို့ရအောင် google ကထည့်သွင်းပေးထားပါတယ်။ အသုံးပြုပုံကတော့ မောင်လေးတို့ညီမလေးတို့စိတ်ထဲမှာ ရုပ်ရှင်တစ်ကား နာမည်သိချင်တယ်ဆိုပါစို့။ ဒါပေမဲ့ နာမည်အစနဲ့အဆုံးပဲ မှတ်မိတယ်၊ အစပဲမှတ်မိတယ်ဆိုရင် မှတ်မိသလောက်ရေး မမှတ်မိတဲ့ နေရာ (* ကြယ်မှတ်) ထည့်သွင်းပြီးရှာပါက အနီးစပ်ဆုံးရှာဖွေမှုတွေကို တွေ့ရမှာပါ။ ရုပ်ရှင်ရယ်မှ မဟုတ်ပါဘူး တခြား အရာတွေလည်း ဒီလိုပုံနဲ့ ရှာလို့ရပါတယ်။

၄။ “Define: keywords” သုံးပြီး စကားလုံးအဓိပ္ပာယ်များရှာခြင်း

စကားလုံးတွေရဲ့အဓိပ္ပာယ်ကို ရှာချင်ရင်တော့ ကိုယ်သိချင်တဲ့စကားလုံးကို Define: နောက်မှာရိုက်ထည့်ပြီး အဓိပ္ပာယ်ရှာနိုင်ပါတယ်။ မြန်မာလို အဓိပ္ပာယ်ပါ ပြပေးသလို တခြားဘာသာလည်း ရွေးနိုင်ပါတယ်။ (Google ရဲ့ language preference မှာ မြန်မာကို ရွေးထားရပါမယ်။) ဥပမာ- define: persuade

၅။ ပုံစံတူ website ရှာခြင်း

ဒီ နည်းလမ်းလေးကတော့ တော်တော်လေးကို အထောက်အကူ ပြုပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ website တစ်ခုကြည့်ပြီး အလားတူ website လိုမျိုး ထပ်ကြည့်ချင်သေးတယ်ဆိုရင် related နောက်မှာ ကိုယ်ကြည့်ခဲ့တဲ့ website ကိုထည့်ပြီး ရိုက်ရုံပါပဲ။ (ဥပမာ-“related: myanlearn.com” လို့ရိုက်ပြီးရှာရုံပါပဲ။)

၆။ လေယာဉ်ခရီးစဉ်ကြည့်ရှုနိုင်ခြင်း

Google ကိုအသုံးပြုပြီးတော့ ကိုယ်စီးရမယ့် လေယာဉ်ခရီးစဉ် ဒါမှမဟုတ် ကိုယ်ဂရုစိုက်ရတဲ့သူတစ်ဦးဦးရဲ့ လေယာဉ်ခရီးစဉ်ကို မျက်ခြေမပြတ် ကြည့်ရှုနိူင်ပါတယ်။ searchbox မှာ “Flight ရိုက်ပြီး အခြေအနေကို ချက်ချင်း သိနိုင်ပါတယ်။ (ဥပမာ -Flight- SQ 502 လို့ရိုက်ပြီးရှာနိုင်ပါတယ်။)

၇။ ရာသီဥတု အခြေအနေကို သိနိုင်ခြင်း

ခရီးမထွက်ခင် ကိုယ်သွားမယ့် မြို့ရဲ့ ရာသီဥတုအခြေအနေကို ကြည့်ရှုချင်တယ်၊ မြို့တစ်မြို့ရဲ့ အပူချိန်ကို သိချင်တယ်ဆိုရင် weather နောက်ကနေ မြို့နာမည်ထည့်ပြီး search box မှာရှာလိုက်ရုံပါပဲ။ ရှာလိုက်တဲ့မြို့ရဲ့ တစ်ပတ်စာ ရာသီဥတု အနေအထား ခန့်မှန်းချက်တွေကို သိပြီး လိုအပ်တာတွေ ပြင်ဆင်နိုင်ပြီပေါ့။ (ဥပမာ- Weather kalaw)

၈။ ငွေလဲလှယ်နှုန်းကြည့်ရှုနိုင်ခြင်း

ဒီ trick လေးကတော့ ခရီးသွားတဲ့အခါ အသုံးဝင်ပါတယ်။ ကိုယ်နဲ့မရင်းနှီးတဲ့ ငွေကြေး တွေ တွက်ချက်ချင်တဲ့အခါ အလွယ်တကူတွက်လို့ရပါတယ်။

ရိုက်ရမယ့်ပုံစံကတော့ <ငွေပမာဏ> <ငွေကြေးအမည်> <သိလိုသော ငွေကြေး> ဥပမာ- 47 baht in USD လို့ရှာပြီး ပမာဏကို အလွယ်တကူကြည့်နိုင်ပါတယ်။

၉။ Pac-man and Atari Breakout

ကဲ.. Google မှာ ရှာရတာတွေ ပျင်းလာရင်တော့ Game ကစားလို့ ရပါသေးတယ်။ ငယ်ငယ်တုန်းက အသည်းစွဲ game တွေဖြစ်တဲ့ pacman ရဲ့ နှစ်၃ဝ ပြည့်အထိမ်းအမှတ် အနေနဲ့ Google က၂ဝ၁ဝ မှာ browser version ကို မိတ်ဆက်ခဲ့ပါတယ်။ pac_man လို search box မှာရိုက်ပြီး အလွယ်တကူဆော့နိုင်ပါတယ်။

Google မှာရှိတဲ့ ဆော့လို့ကောင်းတဲ့ နောက် game လေးတစ်ခုကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ Atari Breakout လို့ရိုက်ပြီး search box မှာရှာပါ။ images ကိုနှိပ်ပါ။ ပုံတွေတွေ့ရမှာဖြစ်ပြီး ပုံတွေက အတုံးတွေပုံစံ ပြောင်းလဲသွားပြီး အတုံးတွေကို ဘောလုံးအသေးလေးနဲ့ လိုက်တိုက်ရတဲ့ ဂိမ်းဖြစ်သွားမှာပါ။

မောင်လေးတို့ညီမလေးတို့ရော ဒီနည်းလမ်းတွေထဲက ဘယ်နည်းလမ်းလေးတွေ သိထားပြီးပြီလဲ။ မသိသေးတဲ့ သူငယ်ချင်းတွေရှိရင်လည်း ဝေမျှလိုက်ပါဦးနော်။

Source : Myanlearn

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.